Thursday, May 22, 2014

Mawlamyine ( Moulmein )


(ပုံ) ၁၈၆၈ခုနှစ် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လန်ဘုရားတည်ထားရာတောင်။

Photo by: www.bl.uk

"မော်လမြိုင်မြို့"

မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ ကွာဝေးပြီး သထုံမှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ တနင်္သာရီတိုင်းမင်းကြီးနှင့် ကျိုက်ခမီခရိုင်ဝန်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်ပြီးလျှင် မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တမြို့ဖြစ်ခဲ့လေသည်။

ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဖက်နှင့် မြောက်ဖက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဖက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တထောင်ဆစ်ကွေး သဏ္ဍာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှောရှိပြီးလျှင် အရှေ့ဖက်တောင်တန်း တလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုး တလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စိုစိုပြေပြေ ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်း ပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ သင်္ဘောဖြင့်ဖြစ်စေ၊ မော်တော်ယာဉ်ဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။

ထို့ကြောင့် ကင်းဝန်မင်းကြီးသည် သံအရာရှိကြီးအဖြစ်ဖြင့် ပြင်သစ်နိုင်ငံ ပါရစ်မြို့တော်သို့အသွား သက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ်ရကန်၌ "ကိုကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။"ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။

"မော်လမြိုင်အမည်နာမသမိုင်း"

ရှေးယခင်နှစ်ပေါင်းများစွာက
ယခု မော်လမြိုင်မြို့နေရာတွင် ဘုရင်တစ်ပါးအုပ်စိုးခဲ့သည်။ ထိုဘုရင်သည် သူတစ်ပါးနှင့်မတူဘဲ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နဖူးအလယ်တည့်တည့်တွင် မျက်လုံးအပိုတစ်လုံး ရှိပါသည်။ ထိုမျက်လုံးတန်ခိုးနှင့် ဘုရင်ကြီးသည် သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဖြစ်ပျက်သည်မှန်သမျှကို အလုံးစုံသိနေလေသည်။

တနေ့သောအခါ ယိုးဒယားရှမ်းများ စစ်မက်ပြုဖို့ရောက်လာကြသည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟုခေါ်ကြသည်။ ရှမ်းဘုရင်တပ်များ၏ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့၏ မျက်လုံးတန်းခိုးဖြင့် အလုံးစုံမြင်ရသောအခါ ရှမ်းတို့၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
ထို့ကြောင့် ရှမ်းများသည် သူတို့၏ တပ်တွင်းမှာ သစ္စာဖောက် ရှိသည်ဟု ယူဆလာသည့်အတွက် ရှမ်းဘုရင်သည် သူ့၏ မှူးမတ်များကို မေးမြန်းသောအခါ အကြောင်းစုံကို သိရှိလာသည်။

ရှမ်းများသည် ထိုအကြောင်းကို ဖြေရှင်းရန်အတွက် သူတို့သည် မွန်ဘုရင်၏ တတိယမျက်လုံးကို ဖျက်စီးပစ်ရန် ရှမ်းဘုရင်၏ သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြသည်။
ရှမ်းများသည် သံအဖွဲ့စေလွှတ်ပြီး မွန်ဘုရင်မင်းကြီး သမီးတော်ကို ဆက်သလိုက်သည်။

ထိုမင်းသမီး၏ လက်ချက်ကြောင့် ဘုရင်ကြီး၏ တတိယမျက်လုံးသည် ဖျက်ဆီးခြင်းခံလိုက်ရ၍ ထိုမျက်လုံးတစ်လုံး ပျက်သွားခြင်းကို အစွဲပြုပြီး ရှေးမွန်များက ထိုဘုရင်ကြီး အုပ်ချုပ်သောမြို့ကို မွန်ဘာသာဖြင့် မတ်မွဲလီု လို့ခေါ်ဆိုကြသည်။
မတ်- ဆိုသည်မှာ မျက်လုံးဖြစ်သည်။ မွဲ-ဆိုသည်မှာ တစ်၊ လီု-ဆိုသည်မှာ ပျက်းစီးခြင်းဟု အဓိပ္ပာယ်ရပါသည်။ မတ်မွဲလီု ၏ မွန်လိုအသံထွက်က မွတ်မော်လုံမ် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားများက တုပခေါ်ဝေါ် ပြောဆိုလာသော အခါ မတ်မွဲလီု မှနေ မော်လမြိုင် ဖြစ်လာပါသည်။

ဒေါက်တာသန်းထွန်း ရေးသော မြန်မာ့သမိုင်းနိဒါန်းတွင် မော်လမြိုင် = မောတေ-မျက်စိ၊ မွဲ-တစ်၊ လေရ်- ပျက်စီး၊ တစ်ဖက်ကန်း ဟု အဓိပ္ပါယ်ရသည်။

"သမိုင်း"

၁၈၂၆- ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ အပြီးတွင် ဗြိတိသျှလက်အောင်သို့ ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံပေးလိုက်ရသော အခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ ပထမဆုံး မြို့တော်ဖြစ်လာခဲ့သည်။

မော်လမြိုင်မြို့ကို Rudyard Kipling ၏ မန္တလေးအမည်ရှိ ကဗျာအဖွင့် ၌ ဤသို့ ရေးသားထားသည်။
"By the old Moulmein pagoda Lookin' lazy at the sea There's a Burma girl a-settin' and I know she thinks o' me".

ထို့အပြင် ၁၉၃၆ ခုနှစ်တွင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော ဆင်ဖမ်းသမား ဂျော့အိုဝယ် နေထိုင်ခဲ့သည့်မြို့ဖြစ်ခဲ့သည်။ သူ၏ စာအုပ်၌ ဤသို့ရေးသားထားလေသည်။

In Moulmein, in Lower Burma, I was hated by large numbers of people -- the only time in my life that I have been important enough for this to happen to me.

မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်း အပါအသင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင် သာယာမှုကို စီမံအုပ်ချုပ်သည်။ ၁၉၆၂ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ လူဦးရေ ၁၁၅၉၃၁ ယောက်ရှိသည်။ မော်လမြိုင်မြို့သည် အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း ပင်လယ်ကမ်းခြေနှင့် နီးခြင်း၊ တောင်အခံရှိခြင်း၊ မြစ်လေးမြွာတို့၏ ဆုံရာ၌ တည်ထားခြင်းတို့ကြောင့် ရာသီဥတုမျှတ၍ မြေဩဇာ ကောင်းမွန်သည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၁၈၈ လက်မရှိ၍ ပျမ်းမျှအပူချိန်မှာ ဒီဂရီ ၈ဝ ခန့်ရှိသည်။

ဘီလူးကျွန်းသည် မော်လမြိုင်မြို့ ဆိပ်ကမ်းကို ကာကွယ်ထားသဖြင့် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရကား မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်လာသည်။ သံလွင်မြစ်ကြီးမှာ သဲသောင်ထူထပ်သောကြောင့် ပင်လယ်ဝမှ ၂၈ မိုင်ခန့်အကွာရှိ မော်လမြိုင်မြို့အထိသာ ပင်လယ်ကူးသင်္ဘောကြီးများ ဆန်တက် သွားလာနိုင်သည်။

သို့သော် မော်လမြိုင်မြို့မှ သံလွင်မြစ်ကြောင်း၌ ၇၄ မိုင်၊ အတ္ထရံမြစ်ကြောင်း၌ ၇၃ မိုင်နှင့် ဂျိုင်းမြစ်ကြောင်း၌ ၄၂ မိုင်အထိ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် မီးသင်္ဘောများဖြင့် သွားလာနိုင်သည်။ ထို့ပြင် ရန်ကုန် မော်လမြိုင် မီးရထားလမ်းသည် မော်လမြိုင်တဖက်ကမ်းရှိ မုတ္တမမြို့သို့ရောက်၍ ၁၆၉ မိုင်ရှည်လျားသည်။

မုတ္တမမှ မော်လမြိုင်သို့ ကူးတို့သင်္ဘောဖြင့် ကူးရသည်။ မော်လမြိုင်တောင်ဖက် ရေးမြို့အထိ ဖောက်လုပ်ထားသော မီးရထားလမ်းမှာ မိုင် ၉ဝ ရှည်၏။ မော်လမြိုင်မှ ကျိုက်ခမ္မီမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၅၅ မိုင်ရှည်လျားသည်။

မော်လမြိုင်မြို့ အရှေ့တောင်ရှိ ကျိုက်မရောမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၁၅ မိုင်ရှည်၏။ ရာသီမရွေး အသုံးပြုနိုင်သော လေယာဉ်ပျံကွင်းတခုလည်း ရှိသည်။ မော်လမြိုင်မှ ရန်ကုန်မြို့သို့ ပင်လယ်ကြောင်းဖြင့် မြန်မာနိုင်ငံ ပင်လယ်ရေကြောင်းသယ်ယူ ပို့ဆောင်ရေး အဖွဲ့ပိုင်နှင့် နိုင်ငံခြား ကုမ္ပဏီများပိုင် ပင်လယ် ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် တပတ်လျှင် တကြိမ်ကျ မှန်မှန် သွားလာပို့ဆောင်လျက်ရှိသည်။ ထိုကြောင့် မော်လမြိုင်မြို့သည် ပြည်တွင်းပြည်ပ ကုန်ကူးသန်း ရောင်းဝယ်ရေး၌ များစွာ စည်ပင်သည်။

"သံလွင်တံတားကြီး"

မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ အရှေ့တောင်သို့သွားရာတွင် အဓိက မုဒ်ဝ လမ်းမကြီးပင် ဖြစ်သည်။ သံလွင်တံတားကြီးသည် မော်လမြိုင်မြို့နှင့် မုတ္တမမြို့တို့ကို ဆက်သွယ်ပေးထားသော မီးရထား၊ ကားသွားနိုင်သော တံတားကြီး တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် ကားလမ်းပါဝင်သော တံတားများတွင် အရှည်ဆုံးတံတားတစ်ခုဖြစ်သည်။ ထိုတံတားသည် ပေပေါင်း ၁၁, ၀၀၀၀ ကျော် ရှည်ပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးထားသည်။

ထိုပြင် မော်လမြိုင်မြို့သည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံ့၊ တနင်္သာရီတိုင်း၏ မြို့များဖြစ်သော မြို့တော် ထားဝယ်၊ မြိတ်မြို့များနှင့်လည်း ဆက်သွယ်ပေးထားသေးသည်။ သံလွင်တံတားကြီးကို ၂၀၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့လေသည်။ မော်လမြိုင်လေဆိပ်မှ ရန်ကုန်မြို့သို့ ပုံမှန် လေကြောင်းပျံသန်းမှုများလည်း ရှိသေးသည်။

"ထွက်ကုန်"

ကျောထောက်နောက်ခံ နယ်များတွင် ကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ် အမြောက်အမြား ထွက်သဖြင့် မြို့၏ ကမ်းရိုးတန်းတလျှောက်၌ သစ်စက်နှင့် ဆန်စက် အများအပြားရှိသည်။ ထိုကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ်များကို နိုင်ငံခြားတိုင်းပြည်များသို့ တိုက်ရိုက် တင်ပို့ရောင်းချသည်။

ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ သရက်သီးတို့လည်း အမြောက်အမြား ထွက်ရာ ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချရသည်။ ဒူးရင်းသီးမှာ အလွန်ကောင်းမွန်သောကြောင့် တစ်ခေတ်တခါက မော်လမြိုင်ဒူးရင်း ဟုပင် အမည်ရရှိခဲ့သည်။

"လည်ပတ်ဖွယ်ရာ အဖြာဖြာ"

မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် ကျိုက်သလ္လန်စေတီ၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။
မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်း တလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။

အစိုးရအထက်တန်းကျောင်း ၂ ကျောင်းရှိသည့်ပြင် ရှင်ဗုဒ္ဓဃောသ အထက်တန်းကျောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြုအထက်တန်းကျောင်းများ အတော်များများရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်း များလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ ဆေးရုံ၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ခွဲများ၊ မိခင်နှင့်ကလေးများ စောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာအတတ်သင်သိပ္ပံကျောင်း၊ မျက်မမြင်ကျောင်း၊ ကုဌနူနာ ဆေးရုံတို့ရှိကြသည်။

၁၉၅၃ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့သော မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၆၃ ခုနှစ်မှ အစပြု၍ ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်း နိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။

"မော်လမြိုင်သင်္ကြန်"

မော်လမြိုင်မြို့၏ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ပွဲတော်ရက်များတွင် အနယ်နယ်မှ လာရောက်၍ ရေသဘင် ဆင်နွဲကြရလောက်အောင် တစ်ခေတ်တစ်ခါက အလွန်ပင်ကျော်ကြားခဲ့သည်။

" မောင်ငံ ဆွမ်းတော်ကြီးလောင်းပွဲ"

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသော သံဃာ ၁ဝဝဝ ကျော်ပါဝင်သည့် မောင်ငံ ဆွမ်းတော်ကြီးလောင်းပွဲသည် မော်လမြိုင်မြို့တွင် အလွန်စည်ကား၍ ထင်ရှားသော ပွဲတော်ကြီးဖြစ်သည်။ သက္ကရာဇ် ၁၂ဝ၄ ခုနှစ်မှ စ၍ မောင်ငံရပ်ကို အုပ်ချုပ်သော မင်းမောင်ငံက ဦးစီးပြုလုပ်ခဲ့ရာ ယနေ့တိုင် မပျက်မကွက် တည်တံ့လျက်ရှိသည်။

" Little-England"

မော်လမြိုင်မြို့၏ အစည်ကားဆုံးနေရာသည် ဒေါင်းမင်းရပ် ဖြစ်သည်။ အောင်လမ်းမကြီးရှိ အမှတ် (၁) ဈေးကြီးနှင့် အထက်လမ်းမကြီးရှိ အမှတ်(၂) ဈေးကြီးကို ဒေါင်းမင်းရပ်ဈေးက ဆက်သွယ်ပေးထားသည်။ ရောင်းဝယ်ဖောက်ကားကြသူများဖြင့် အထူးစည်ကားလှသည်။ ကုန်စည်ဒိုင်နှင့် အဝေးပြေးကားဂိတ်၊ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အပြည့်အဝ ရရှိနေနကြပြီဖြစ်သည်။

အင်္ဂလိပ်အစိုးရ လက်ထက်တွင် မော်လမြိုင်မြို့သည် အင်္ဂလိပ်-မြန်မာလူမျိုးများဖြင့် ပြည့်နက်နေပြီး ထို အင်္ဂလိပ်-မြန်မာအဖွဲ့အစည်းများ အများအပြား ရှိနေမှုကြောင့် Little-England ဟူ၍ပင် အမည်တွင်ခဲ့ရလေသည်။ ထိုသူတို့သည် ရာဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင်
ရှားပါးသွားပြီးဖြစ်သည်။

"အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန"

မော်လမြိုင်မြို့သည် ဗုဒ္ဓဘာသာ မွန်လူမျိုးများ အဓိကနေထိုင်ရာ ဒေသ ဖြစ်သော်လည်း အမျိုးမျိုးသော် ယဉ်ကျေးမှုများကို တွေ့မြင်ရသည်။ မော်လမြိုင်သည် အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန တစ်ခုဖြစ်သော်လည်း ၁၉ ရာစုနောက်ပိုင်းတွင် ဗြိတိသျှ ခရစ်ယာန်သာသနာပြုများရောက်ရှိလာပြီး ခရစ်ယာန်ဘာသာလည်း စတင်ဝင်ရောက်လာခဲ့သည်။

၁၈၆၀ ခုနှစ်တွင် ဒီလ် ရှယ်လီ ဘရားသားစ်က ခရစ်ယာန် သာသနာပြုကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ထိုနောက် စိန့်ပက်ထရစ်(ယခု မော်လမြိုင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း တစ်ခုဖြစ်သော)ဘုရားရှိခိုးကျောင်းကို ဖွင်လှစ်ခဲ့သည်။

၂၀ ရာစု အစောပိုင်း ကာလများတွင် စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုများဖြင့် အိန္ဒိယနိုင်ငံမှ ဟိန္ဒူလူမျိုးများ ဝင်ရောက်လာခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမှု မွန်ပြည်နယ် မော်လမြိုင်သည် မြန်မာနိုင်ငံ၏အောက်ဘက် ကုန်စည်ကူးသန်းရောင်းဝယ်သွားလာရာဗဟိုချက် တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

Ref: archive.today၊ Wikipedia.org

No comments:

Post a Comment