Thursday, May 22, 2014

ဟံသာဝတီကျဆုံးနေ့ (ကဆုန်လပြည့်ကျော် ၈-ရက်၊ မေလ ၂၁-ရက်နေ့)

ဟံသာဝတီကျဆုံးနေ့ (ကဆုန်လပြည့်ကျော် ၈-ရက်၊ မေလ ၂၁-ရက်နေ့)



 

ဟံသာဝတီကျဆုံးနေ့ကို မွန်တို့ကျင်းပကြတယ်။ ဟံသာဝတီက အေဒီ ၁၇၅၇-ခုမှာ ကုန်းဘောင်ဆက်လက်ထဲကို ကျခဲ့ရတယ်။ မွန်မြန်မာတို့အားပြိုင်ပွဲမှာ မွန်တို့ရှံးနိမ့်ခဲ့ရခြင်းဖြစ်တယ်။

၁၆-ရာစုကနေ စပြီး မြန်မာဘုရင်တွေက ဟံသာဝတီကို စိုးမိုးထားနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ မွန်နဲ့ရှမ်းတို့က မဟာမိတ်အဖြစ်နဲ့ ရပ်တည်ပြီး မြန်မာတို့ကို ခုခံခဲ့ကြတယ်။ ၁၈-ရာစုနှစ်ဦးမှာ မွန်တို့က ဟံသာဝတီကို ပြန်သိမ်းနိုင်ခဲ့တယ်။ အင်းဝက အချိန်မရွေး ဟံသာဝတီကို ပြန်သိမ်းမှာကို ကြိုသိနေလို့ အင်းဝကို အရင်သိမ်းထားလိုက်တယ်။

ဒီမှာပဲ အခု (ရှမ်းနီ)တို့က မွန်တို့လက်အောက်မှာ နေထိုင်မဲ့အစား ဦးအောင်ဇေယျလက်အောက်မှာ အရင်နေ၊ ပြီးမှ ပုန်ကန်မယ်ဆိုတဲ့ အတွေးတစ်ခု ရသွားတယ်။ အင်အားကြီးလာတဲ့ ဟံသာဝတီကို ယိုးဒယားကလည်း လန့်နေတယ်။ ဟံသာဝတီက အယုဒ္ဓယ (ယိုးဒယား)ကို သိမ်းဖူးခဲ့တာကိုး။

မွန်တို့အားနည်းချက်နောက်တစ်ခုမှာ ကရင်လူမျိုးများ၊ ချင်းလူမျိုးများကို စစ်ပွဲမှာ အသုံးမချခဲ့ခြင်းဖြစ်တယ်။ မြန်မာတို့လက်အောက်မှာ ချင်းမုဆိုး၊ ကချင်မုဆိုး၊ ရှမ်းတွေ အများကြီး ပါဝင်ခဲ့ကြတယ်။ ရှေ့တန်းမှာဆို မြန်မာတွေ မပါသလောက်ပါပဲ။

အဲ့ဒါအပြင် မွန်တို့က ပေါ်တူဂီမှာ မုတ္တမ၊ သန်လျင်မှာ ပြင်သစ်၊ ပုသိမ်မှာ အင်္ဂလိပ်တို့ကို ကုန်သွယ်ခွင့်ပြုထားခဲ့တယ်။ ဟံသာဝတီနဲ့ အနီးဆုံး သန်လျင်မှာ စက်ရုံထူထောင်ခွင့် ရထားတဲ့ ပြင်သစ်ဟာ အထူးအခွင့်အရေးကို ခံစားရပြီး ပုသိမ်ရှိအင်္ဂလိပ်တို့က မကျေမချမ်း ဖြစ်နေခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်တို့က ဦးအောင်ဇေယျနဲ့ တိတ်တဆိတ် ဆက်သွယ်ပြီး ကူညီခဲ့တယ်။

အရေးပါဆုံးတစ်ချက်မှာ မွန်မင်းမျိုးမင်းနွယ်များ မညီညွတ်မှုပဲ ဖြစ်တယ်။ ဦးအောင်ဇေယျကို အရှုံးပေးပြီး နေလိုတဲ့ အုပ်စုကတစ်ခု၊ ရွာသူကြီးတစ်ဦးကို မရှိခိုးနိုင်တဲ့အုပ်စုက တစ်စု ကွဲပြားသွားတယ်။ အရည်အချင်းပြည့်မီတဲ့ သူရဲကောင်းများကြားမှာလည်း စိတ်ဝမ်းကွဲကြတယ်။

ဒါနဲ့ပဲ ကောဇာသက္ကရာဇ် ၁၁၁၉-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၈)ရက်နေ့မှာ ဟံသာဝတီနိုင်ငံတော် ကျဆုံးသွားခဲ့ရတယ်။ လူမျိုးတုံးသတ်ဖြတ်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မွန်တို့နလံမထူနိုင်တော့အောင် ဖိနှိပ်ချုပ်ခြယ်မှုများ အကြီးအကျယ် ပြုလုပ်ခဲ့ကြတယ်။

ဟံသာဝတီကျဆုံးနေ့ကို ကျင်းပခြင်းမှာ နိုင်ငံရေးအနှစ်သာရ ပါတယ်။

ပဒေသရာဇ်ဝါဒကို ဆန့်ကျင်ရေး၊
လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ရေး၊
ဖိနှိပ်ချုပ်ခြယ်မှုကို ဆန့်ကျင်ရေး၊
လူမျိုးကြီးဝါဒကို ဆန့်ကျင်ရေး၊
မြန်မာစစ်ဝါဒကို ဆန့်ကျင်ရေးအတွက်

ကျင်းပရတဲ့ အောက်မေ့ဖွယ်၊ လွမ်းဆွတ်ဖွယ်၊ ယူကျုံးမရဖွယ် နေ့တစ်ခု ဖြစ်ပါကြောင်း။

ဟံသာဝတီ နောက် ဆုံး နေ့ရက်များ



ဟံသာဝတီ နောက်ဆုံးနေ့ များ

အေဒီ ၁၇၅၆ ဂျူလိုင် မှာ ဗမာတွေတွေ သံလျှင်မြို့ ကိုသိမ်းယူလိုက်ကြတဲ့အခါ မွန်တို့ တို့ အတွက်နောက်ဆုံးခုခံဖို့ ရာ ပဲခူးမြို့ တော်သာကျန်ပါတော့တယ်။ အခုဆိုရင် မွန်တို့ ဖက်ကအကူအညီပေးမဲ့ နိုင်ငံခြားမဟာမိတ်တပ်ဆိုတာလဲမရှိတော့ပါဘူး။

၁၇၅၆ အောက်တိုဘာလလယ်လောက်မှာ ထောင်ပေါင်းများစွာသောရန်သူတွေဟာမြို့ တော်ဝန်းကျင်အထိကြည်းကြောင်းရေကြောင်းနဲ့ ရောက်လာကြပါပြီ။

တောင်ငူကတဆင့် ချီတက်လာတဲ့ ရှမ်းစစ်ကြောင်းတွေဟာလဲ ၁၇၅၆ စက်တင်ဘာမှာ စစ်တောင်းမြို့ ကိုသိမ်းယူလိုက်ကြပြီးအမိန့် ကိုစောင့်နေကြပါတယ်။

ပဲခူးမြို့ မှာ ထိတ်လန့် တကြားဖြစ်နေပေမဲ့ မြို့ တော်ကို ရွတ်ရွတ်ချွန်ချွန်ခုခံနေကြဆဲပါ။

အလောင်းဘုရားဖက်က အကျအဆုံးများပြားပေမဲ့အင်နဲ့ အားနဲ့ တိုက်ခိုက်ပြီး အောက်တိုဘာလကုန်မှာတော့ အလောင်းဘုရားရဲ့ တပ်ဖွဲ့ အားလုံးနဲ့ ရှမ်းတပ်တွေဟာ မြို့ တော်တစ်ပတ်လုံးကို ဝိုင်းရံပိတ်ဆို့ ထားမိပြီးဖြစ်နေပါပြီ။

ဒီအချိန်မှာ ပဲခူးဘက်က ခုခံဖို့ လက်နက်ခဲယမ်း နည်းပါးသွားပါပြီ ဒီအခါမှာ ပဲခူးဘက်က ပညာတတ် ရဟန်းတော်များတွေကိုစေလွတ်ပြီးစေ့စပ်ဆွေနွေးစေပါတယ်။ စစ်ပြေငြိမ်းဖို့  ပဲခူး ကို ပဏာဆက်သြဇာခံအဖြစ်သဘောထားဖို့ သဘောတူညီချက်ရကြပါတယ်။

ဒီသဘောတူညီချက်ကို စစ်သူကြီး တလပန်းနဲ့ စစ်ခေါင်းဆောင်တွေက မကြိုက်ကြပါ အညံ့ခံလိုက်ရင် ပျက်စီးခြင်းကိုသာရောက်မယ် နောက်ဆုံးအချိန်အထိမြို့ တော်ကိုကာကွယ်သွားမယ်လို့ ဆိုနေကြပါတယ်။

အဲဒီအချိန်မှာ အလောင်ဘုရားဟာ မြို့ တော်နားမှာဘုံ၇ဆင့်နဲ့ ယာယီနန်းတော်ကိုဆောက်ပြီးနေပါတယ်။ ပဲခူးမြို့ မှာရိက္ခာပြတ်လပ်ပြီး ပြည်သူအများတော်တော်ဒုက္ခရောက်နေပါပြီ။

ဘုရင့်ညီလာခံမှာ သမီးတော်ကို အလောင်းဘုရားဆီကိုဆက်သဖို့ ဘုရင် နဲ့  အိမ်ရှေ့မင်းတို့ ဆုံးဖြတ်ပါတယ်။ အညံ့ခံရမှာကိုမနှစ်သက်တဲ့စစ်သူကြီးတလပန်းဟာ နောက်လိုက်နောက်ပါတွေနဲ့ အတူ မြို့ အရှေ့တံခါးကတဆင့် ဝန်းရံထားတဲ့တပ်တွေကိုထိုးဖောက်ပြီးစစ်တောင်းကို ထွက်ခွာသွားပါတော့တယ်။

ပဲခူးဘုရင်ကအညံ့ခံပြီးသမီးတော်ကိုဆက်မယ့်သတင်းကို့ သံဃာ့ရာဇာကိုယ်တိုင်အလောင်းဘုရားဆီကိုသတင်းပို့ ပေးတော့ တိုက်ပွဲတွေ ခတ္တ ရပ်ဆိုင်းသွားပါတယ်။

မြို့ တော်တွင်းက ပြည်သူအများငြိမ်းချမ်းဖို့ သမီးတော်နဲ့ အတူ ရာချီတဲ့ မောင်းမမိတ်သံတွေကို အိမ်ရှေ့မင်းနဲ့ မူးမတ်တွေကိုယ်တိုင်လိုက်ပို့ ပေးရာမှာ အားလုံးကို အလောင်းဘုရားက သူတပ်စခန်းအတွင်းမှာပဲနေစေပြီး မပြန်ခိုင်းတော့ပါ။

လူအများကစစ်ကြီးပြီးလို့ ငြိမ်းချမ်းတော့မယ်လို့ ထင်နေကြပါပြီ။

ပဲခူးမှာရောက်နေတဲ့ အင်းဝနောက်ဆုံးဘုရင်ရဲ့ သမီးတော်တွေကိုလဲပြန်လွှတ်ပေးခဲ့ပါတယ်။

အရင် ပဲခူးဖက်က ပါဝင်တိုက်ခိုက်တဲ့ ရှမ်းခေါင်းဆောင် ဗမာခေါင်းဆောင်တွေပဲခူးကထွက်ပြီးအလောင်းဘုရားဆီမှာအညံ့ခံပေမဲ့ အားလုံးကိုကွက်မျက်ပစ်ပါတယ်။

အလောင်းဘုရားကနောက်တဆင့်တက်ပြီး ပဲခူးဘုရင်ရဲ့  ညီတော် တူတော် သားမက်တော်တွေပါ အညံ့လာခံရမယ်လို့ တောင်းဆိုပြန်ပါတယ်။

အဲဒီအခါကျမှ အလောင်းဘုရားဟားကတိတည်တဲ့လူမဟုတ်ဘူး အားလုံးကိုချေမှုန်းပစ်ဖို့ ဆုံးဖြတ်ပြီးသားဆိုတာ မွန်တွေနားလည်သွားကြပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပါတော့တယ်။

အလောင်းဘုရားဟာ လက်ရွေးစစ်တပ်ဖွဲ့ တွေ ပဲခူးးမြို့ ထဲရောက်အောင်လျှို့ ဝှက်သွင်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းပဲခူးဖက်ကသိသွားပြီးအားလုံးဖမ်စီးသုတ်သင်ခဲ့ကြပါတယ်။

ပဲခူးဘုရင် ညီတော်ဟာ ဆွေမျိုးတွေနဲ့ အတူအညံ့ ခံသွားခဲ့ပါတယ်။ မြို့ ထဲမှာရိက္ခာပြတ်လပ်မှုဟာ အဆိုးဆုံးအခြေအနေကိုရောက်လာပြီးပဲခူးနန်တွင်းမှာ အငြင်းပွားမှုတွေပိုများလာနေပါတယ်။ ပဲခူးဘုရင်က သူ့ အသက်ကိုအာမခံရင် မခုခံဘူးလို့  အလောင်းဘုရားဆီကိုလျှို့ ဝှက်စာပို့ ပါတယ်။

၁၇၅၇ မေလ ၈ရက်နေ့ ညမှာ ဗမာတပ်တွေဟာ ပဲခူးမြို့ ကိုစီးနင်းတိုက်ခိုက်ပါတယ် မြို့ ထဲကအပြင်းအထန်ခုခံကြပေမဲ့ စည်းစည်းလုံးလုံးမရှိတော့ကစဥ့်ကလျားဖြစ်ကုန်ပါတယ်။

ဗမာတပ်တွေဟာတွေ့ သမျှအဆောက်အအုံကို မီးတိုက်ပါတယ် လိုချင်သမျှပစ္စည်းကိုသယ်ယူပါတယ် တွေ့ သမျှလူတိုင်းကို သတ်ပါတယ်။ ပညာတတ်ရဟန်းတော်တွေ မြို့ မိမြို့ ဖ ဂုဏ်သရေရှိလူအားလုံးအသတ်ခံရပါတယ် ။ ထောင်ချီတဲ့သာမန်ပြည်သူတွေကို ကျွန်အဖြစ် ဘင်္ဂလားနဲ့ အခြားဒေသတွေကို ရောင်းစားပစ်ခဲ့ကြပါတယ်။

၁၇၅၆ အောက်တိုဘာ က ၁၇၅၇ မေ အထိ ၇ လတိုင် တိုက်ခိုက်အပြီးမှာ မွန်တို့ ရဲ့ နောက်ဆုံးမြို့ တော် ဟံသာဝတီဟာ သုသန်စပြင်သဖွယ် ဆိတ်သုဉ်းသွားပါတော့တယ်။

ခေါင်းဆေးကျွန်း (ခေါ်) Crow Island


Mawlamyine ( Moulmein )


(ပုံ) ၁၈၆၈ခုနှစ် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လန်ဘုရားတည်ထားရာတောင်။

Photo by: www.bl.uk

"မော်လမြိုင်မြို့"

မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ ကွာဝေးပြီး သထုံမှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ တနင်္သာရီတိုင်းမင်းကြီးနှင့် ကျိုက်ခမီခရိုင်ဝန်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်ပြီးလျှင် မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တမြို့ဖြစ်ခဲ့လေသည်။

ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဖက်နှင့် မြောက်ဖက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဖက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တထောင်ဆစ်ကွေး သဏ္ဍာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှောရှိပြီးလျှင် အရှေ့ဖက်တောင်တန်း တလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုး တလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စိုစိုပြေပြေ ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်း ပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ သင်္ဘောဖြင့်ဖြစ်စေ၊ မော်တော်ယာဉ်ဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။

ထို့ကြောင့် ကင်းဝန်မင်းကြီးသည် သံအရာရှိကြီးအဖြစ်ဖြင့် ပြင်သစ်နိုင်ငံ ပါရစ်မြို့တော်သို့အသွား သက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ်ရကန်၌ "ကိုကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။"ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။

"မော်လမြိုင်အမည်နာမသမိုင်း"

ရှေးယခင်နှစ်ပေါင်းများစွာက
ယခု မော်လမြိုင်မြို့နေရာတွင် ဘုရင်တစ်ပါးအုပ်စိုးခဲ့သည်။ ထိုဘုရင်သည် သူတစ်ပါးနှင့်မတူဘဲ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နဖူးအလယ်တည့်တည့်တွင် မျက်လုံးအပိုတစ်လုံး ရှိပါသည်။ ထိုမျက်လုံးတန်ခိုးနှင့် ဘုရင်ကြီးသည် သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဖြစ်ပျက်သည်မှန်သမျှကို အလုံးစုံသိနေလေသည်။

တနေ့သောအခါ ယိုးဒယားရှမ်းများ စစ်မက်ပြုဖို့ရောက်လာကြသည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟုခေါ်ကြသည်။ ရှမ်းဘုရင်တပ်များ၏ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့၏ မျက်လုံးတန်းခိုးဖြင့် အလုံးစုံမြင်ရသောအခါ ရှမ်းတို့၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
ထို့ကြောင့် ရှမ်းများသည် သူတို့၏ တပ်တွင်းမှာ သစ္စာဖောက် ရှိသည်ဟု ယူဆလာသည့်အတွက် ရှမ်းဘုရင်သည် သူ့၏ မှူးမတ်များကို မေးမြန်းသောအခါ အကြောင်းစုံကို သိရှိလာသည်။

ရှမ်းများသည် ထိုအကြောင်းကို ဖြေရှင်းရန်အတွက် သူတို့သည် မွန်ဘုရင်၏ တတိယမျက်လုံးကို ဖျက်စီးပစ်ရန် ရှမ်းဘုရင်၏ သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြသည်။
ရှမ်းများသည် သံအဖွဲ့စေလွှတ်ပြီး မွန်ဘုရင်မင်းကြီး သမီးတော်ကို ဆက်သလိုက်သည်။

ထိုမင်းသမီး၏ လက်ချက်ကြောင့် ဘုရင်ကြီး၏ တတိယမျက်လုံးသည် ဖျက်ဆီးခြင်းခံလိုက်ရ၍ ထိုမျက်လုံးတစ်လုံး ပျက်သွားခြင်းကို အစွဲပြုပြီး ရှေးမွန်များက ထိုဘုရင်ကြီး အုပ်ချုပ်သောမြို့ကို မွန်ဘာသာဖြင့် မတ်မွဲလီု လို့ခေါ်ဆိုကြသည်။
မတ်- ဆိုသည်မှာ မျက်လုံးဖြစ်သည်။ မွဲ-ဆိုသည်မှာ တစ်၊ လီု-ဆိုသည်မှာ ပျက်းစီးခြင်းဟု အဓိပ္ပာယ်ရပါသည်။ မတ်မွဲလီု ၏ မွန်လိုအသံထွက်က မွတ်မော်လုံမ် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားများက တုပခေါ်ဝေါ် ပြောဆိုလာသော အခါ မတ်မွဲလီု မှနေ မော်လမြိုင် ဖြစ်လာပါသည်။

ဒေါက်တာသန်းထွန်း ရေးသော မြန်မာ့သမိုင်းနိဒါန်းတွင် မော်လမြိုင် = မောတေ-မျက်စိ၊ မွဲ-တစ်၊ လေရ်- ပျက်စီး၊ တစ်ဖက်ကန်း ဟု အဓိပ္ပါယ်ရသည်။

"သမိုင်း"

၁၈၂၆- ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ အပြီးတွင် ဗြိတိသျှလက်အောင်သို့ ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံပေးလိုက်ရသော အခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ ပထမဆုံး မြို့တော်ဖြစ်လာခဲ့သည်။

မော်လမြိုင်မြို့ကို Rudyard Kipling ၏ မန္တလေးအမည်ရှိ ကဗျာအဖွင့် ၌ ဤသို့ ရေးသားထားသည်။
"By the old Moulmein pagoda Lookin' lazy at the sea There's a Burma girl a-settin' and I know she thinks o' me".

ထို့အပြင် ၁၉၃၆ ခုနှစ်တွင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော ဆင်ဖမ်းသမား ဂျော့အိုဝယ် နေထိုင်ခဲ့သည့်မြို့ဖြစ်ခဲ့သည်။ သူ၏ စာအုပ်၌ ဤသို့ရေးသားထားလေသည်။

In Moulmein, in Lower Burma, I was hated by large numbers of people -- the only time in my life that I have been important enough for this to happen to me.

မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်း အပါအသင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင် သာယာမှုကို စီမံအုပ်ချုပ်သည်။ ၁၉၆၂ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ လူဦးရေ ၁၁၅၉၃၁ ယောက်ရှိသည်။ မော်လမြိုင်မြို့သည် အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း ပင်လယ်ကမ်းခြေနှင့် နီးခြင်း၊ တောင်အခံရှိခြင်း၊ မြစ်လေးမြွာတို့၏ ဆုံရာ၌ တည်ထားခြင်းတို့ကြောင့် ရာသီဥတုမျှတ၍ မြေဩဇာ ကောင်းမွန်သည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၁၈၈ လက်မရှိ၍ ပျမ်းမျှအပူချိန်မှာ ဒီဂရီ ၈ဝ ခန့်ရှိသည်။

ဘီလူးကျွန်းသည် မော်လမြိုင်မြို့ ဆိပ်ကမ်းကို ကာကွယ်ထားသဖြင့် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရကား မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်လာသည်။ သံလွင်မြစ်ကြီးမှာ သဲသောင်ထူထပ်သောကြောင့် ပင်လယ်ဝမှ ၂၈ မိုင်ခန့်အကွာရှိ မော်လမြိုင်မြို့အထိသာ ပင်လယ်ကူးသင်္ဘောကြီးများ ဆန်တက် သွားလာနိုင်သည်။

သို့သော် မော်လမြိုင်မြို့မှ သံလွင်မြစ်ကြောင်း၌ ၇၄ မိုင်၊ အတ္ထရံမြစ်ကြောင်း၌ ၇၃ မိုင်နှင့် ဂျိုင်းမြစ်ကြောင်း၌ ၄၂ မိုင်အထိ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် မီးသင်္ဘောများဖြင့် သွားလာနိုင်သည်။ ထို့ပြင် ရန်ကုန် မော်လမြိုင် မီးရထားလမ်းသည် မော်လမြိုင်တဖက်ကမ်းရှိ မုတ္တမမြို့သို့ရောက်၍ ၁၆၉ မိုင်ရှည်လျားသည်။

မုတ္တမမှ မော်လမြိုင်သို့ ကူးတို့သင်္ဘောဖြင့် ကူးရသည်။ မော်လမြိုင်တောင်ဖက် ရေးမြို့အထိ ဖောက်လုပ်ထားသော မီးရထားလမ်းမှာ မိုင် ၉ဝ ရှည်၏။ မော်လမြိုင်မှ ကျိုက်ခမ္မီမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၅၅ မိုင်ရှည်လျားသည်။

မော်လမြိုင်မြို့ အရှေ့တောင်ရှိ ကျိုက်မရောမြို့သို့ သွားသော မော်တော်ကားလမ်းမှာ ၁၅ မိုင်ရှည်၏။ ရာသီမရွေး အသုံးပြုနိုင်သော လေယာဉ်ပျံကွင်းတခုလည်း ရှိသည်။ မော်လမြိုင်မှ ရန်ကုန်မြို့သို့ ပင်လယ်ကြောင်းဖြင့် မြန်မာနိုင်ငံ ပင်လယ်ရေကြောင်းသယ်ယူ ပို့ဆောင်ရေး အဖွဲ့ပိုင်နှင့် နိုင်ငံခြား ကုမ္ပဏီများပိုင် ပင်လယ် ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် တပတ်လျှင် တကြိမ်ကျ မှန်မှန် သွားလာပို့ဆောင်လျက်ရှိသည်။ ထိုကြောင့် မော်လမြိုင်မြို့သည် ပြည်တွင်းပြည်ပ ကုန်ကူးသန်း ရောင်းဝယ်ရေး၌ များစွာ စည်ပင်သည်။

"သံလွင်တံတားကြီး"

မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ အရှေ့တောင်သို့သွားရာတွင် အဓိက မုဒ်ဝ လမ်းမကြီးပင် ဖြစ်သည်။ သံလွင်တံတားကြီးသည် မော်လမြိုင်မြို့နှင့် မုတ္တမမြို့တို့ကို ဆက်သွယ်ပေးထားသော မီးရထား၊ ကားသွားနိုင်သော တံတားကြီး တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် ကားလမ်းပါဝင်သော တံတားများတွင် အရှည်ဆုံးတံတားတစ်ခုဖြစ်သည်။ ထိုတံတားသည် ပေပေါင်း ၁၁, ၀၀၀၀ ကျော် ရှည်ပြီး နိုင်ငံ၏ အရှေ့တောင်ပိုင်းနှင့် ရန်ကုန်မြို့ကို ဆက်သွယ်ပေးထားသည်။

ထိုပြင် မော်လမြိုင်မြို့သည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံ့၊ တနင်္သာရီတိုင်း၏ မြို့များဖြစ်သော မြို့တော် ထားဝယ်၊ မြိတ်မြို့များနှင့်လည်း ဆက်သွယ်ပေးထားသေးသည်။ သံလွင်တံတားကြီးကို ၂၀၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့လေသည်။ မော်လမြိုင်လေဆိပ်မှ ရန်ကုန်မြို့သို့ ပုံမှန် လေကြောင်းပျံသန်းမှုများလည်း ရှိသေးသည်။

"ထွက်ကုန်"

ကျောထောက်နောက်ခံ နယ်များတွင် ကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ် အမြောက်အမြား ထွက်သဖြင့် မြို့၏ ကမ်းရိုးတန်းတလျှောက်၌ သစ်စက်နှင့် ဆန်စက် အများအပြားရှိသည်။ ထိုကျွန်းသစ်၊ ဆန်စပါးနှင့် ကော်ဖတ်များကို နိုင်ငံခြားတိုင်းပြည်များသို့ တိုက်ရိုက် တင်ပို့ရောင်းချသည်။

ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ သရက်သီးတို့လည်း အမြောက်အမြား ထွက်ရာ ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချရသည်။ ဒူးရင်းသီးမှာ အလွန်ကောင်းမွန်သောကြောင့် တစ်ခေတ်တခါက မော်လမြိုင်ဒူးရင်း ဟုပင် အမည်ရရှိခဲ့သည်။

"လည်ပတ်ဖွယ်ရာ အဖြာဖြာ"

မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် ကျိုက်သလ္လန်စေတီ၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။
မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်း တလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။

အစိုးရအထက်တန်းကျောင်း ၂ ကျောင်းရှိသည့်ပြင် ရှင်ဗုဒ္ဓဃောသ အထက်တန်းကျောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြုအထက်တန်းကျောင်းများ အတော်များများရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်း များလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ ဆေးရုံ၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ခွဲများ၊ မိခင်နှင့်ကလေးများ စောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာအတတ်သင်သိပ္ပံကျောင်း၊ မျက်မမြင်ကျောင်း၊ ကုဌနူနာ ဆေးရုံတို့ရှိကြသည်။

၁၉၅၃ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့သော မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၆၃ ခုနှစ်မှ အစပြု၍ ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်း နိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။

"မော်လမြိုင်သင်္ကြန်"

မော်လမြိုင်မြို့၏ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ပွဲတော်ရက်များတွင် အနယ်နယ်မှ လာရောက်၍ ရေသဘင် ဆင်နွဲကြရလောက်အောင် တစ်ခေတ်တစ်ခါက အလွန်ပင်ကျော်ကြားခဲ့သည်။

" မောင်ငံ ဆွမ်းတော်ကြီးလောင်းပွဲ"

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသော သံဃာ ၁ဝဝဝ ကျော်ပါဝင်သည့် မောင်ငံ ဆွမ်းတော်ကြီးလောင်းပွဲသည် မော်လမြိုင်မြို့တွင် အလွန်စည်ကား၍ ထင်ရှားသော ပွဲတော်ကြီးဖြစ်သည်။ သက္ကရာဇ် ၁၂ဝ၄ ခုနှစ်မှ စ၍ မောင်ငံရပ်ကို အုပ်ချုပ်သော မင်းမောင်ငံက ဦးစီးပြုလုပ်ခဲ့ရာ ယနေ့တိုင် မပျက်မကွက် တည်တံ့လျက်ရှိသည်။

" Little-England"

မော်လမြိုင်မြို့၏ အစည်ကားဆုံးနေရာသည် ဒေါင်းမင်းရပ် ဖြစ်သည်။ အောင်လမ်းမကြီးရှိ အမှတ် (၁) ဈေးကြီးနှင့် အထက်လမ်းမကြီးရှိ အမှတ်(၂) ဈေးကြီးကို ဒေါင်းမင်းရပ်ဈေးက ဆက်သွယ်ပေးထားသည်။ ရောင်းဝယ်ဖောက်ကားကြသူများဖြင့် အထူးစည်ကားလှသည်။ ကုန်စည်ဒိုင်နှင့် အဝေးပြေးကားဂိတ်၊ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်တည်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အပြည့်အဝ ရရှိနေနကြပြီဖြစ်သည်။

အင်္ဂလိပ်အစိုးရ လက်ထက်တွင် မော်လမြိုင်မြို့သည် အင်္ဂလိပ်-မြန်မာလူမျိုးများဖြင့် ပြည့်နက်နေပြီး ထို အင်္ဂလိပ်-မြန်မာအဖွဲ့အစည်းများ အများအပြား ရှိနေမှုကြောင့် Little-England ဟူ၍ပင် အမည်တွင်ခဲ့ရလေသည်။ ထိုသူတို့သည် ရာဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင်
ရှားပါးသွားပြီးဖြစ်သည်။

"အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန"

မော်လမြိုင်မြို့သည် ဗုဒ္ဓဘာသာ မွန်လူမျိုးများ အဓိကနေထိုင်ရာ ဒေသ ဖြစ်သော်လည်း အမျိုးမျိုးသော် ယဉ်ကျေးမှုများကို တွေ့မြင်ရသည်။ မော်လမြိုင်သည် အလွန်ရှေးကျသော ဗုဒ္ဓဘာသာ နေရာဌာန တစ်ခုဖြစ်သော်လည်း ၁၉ ရာစုနောက်ပိုင်းတွင် ဗြိတိသျှ ခရစ်ယာန်သာသနာပြုများရောက်ရှိလာပြီး ခရစ်ယာန်ဘာသာလည်း စတင်ဝင်ရောက်လာခဲ့သည်။

၁၈၆၀ ခုနှစ်တွင် ဒီလ် ရှယ်လီ ဘရားသားစ်က ခရစ်ယာန် သာသနာပြုကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ထိုနောက် စိန့်ပက်ထရစ်(ယခု မော်လမြိုင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း တစ်ခုဖြစ်သော)ဘုရားရှိခိုးကျောင်းကို ဖွင်လှစ်ခဲ့သည်။

၂၀ ရာစု အစောပိုင်း ကာလများတွင် စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုများဖြင့် အိန္ဒိယနိုင်ငံမှ ဟိန္ဒူလူမျိုးများ ဝင်ရောက်လာခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမှု မွန်ပြည်နယ် မော်လမြိုင်သည် မြန်မာနိုင်ငံ၏အောက်ဘက် ကုန်စည်ကူးသန်းရောင်းဝယ်သွားလာရာဗဟိုချက် တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

Ref: archive.today၊ Wikipedia.org

Monday, August 26, 2013

မွန်နိုင်ငံရေးဖြစ်စဉ် သမိုင်းအကျဉ်း

မြန်မာ့လွတ်လပ်ရေးအကြိုခေတ်နှင့် လွတ်လပ်ပြီးခေတ်





                    ကမ္ဘာ့အရှေ့ပိုင်းတွင် ၁၉၀၅-ခုနှစ်၌ ရုရှားနှင့်ဂျပန်တို့သည် စစ်ကြီးဖြစ်ပွားခဲ့ရာ ဂျပန်တို့ အနိုင်ရခဲ့ကြသည်။ ထိုစစ်ဖြစ်သည့် ၁၉၀၅-ခုနှစ်မှစ၍ မွန်ဗမာနိုင်ငံသားတို့၏ စိတ်တွင် ငုတ်လျှိုးနေခဲ့သော အမျိုးသားစိတ်ဓါတ်များ
ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ အင်္ဂလိပ်တို့ အုပ်ချုပ်မှု လက်အောက်တွင် မြန်မာနိုင်ငံရေး လှုပ်ရှားမှုသမိုင်း၌ မွန်အမျိုးသားခေါင်းဆောင်များစွာ ပါဝင်ခဲ့ကြပေသည်။

                   ၁၉၃၉-ခုနှစ်တွင် မွန်ပညာရှင်များ၊ ဘုန်းတော်ကြီးများနှင့် လူပုဂ္ဂိုလ်အချို့တို့သည်
“ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း” ကိုတည်ထောင်ခဲ့ကြသည်။ ထိုကာလတွင် မွန်တို့သည် နိုင်ငံရေး အခွင့်အရေးများကို မတောင်းဆိုကြသေးပေ။ မွန်မျိုးချစ်များဖြစ်ကြသော ဦးဘသော်၊ ဦးကျန်၊ ဦဒွေး၊ ဦးချစ်သောင်း၊ ဦးဘသိန်း၊ အရှင်ကောသလ အစရှိသောပုဂ္ဂိုလ်များသည် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း မှတဆင့် မွန်တို့၏ အကျိုးအတွက် ဘာသာရေး၊ သာသနာရေး၊ စာပေယဉ်ကျေးမှုတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရန်ကုန်မြို့ပေါ်တွင်ရှိသော သွေးဆေးကန်မွန်ကျောင်း၊ ရေတာရှည်ကျောင်း အစရှိသည့် မွန်ဘုန်းတော်ကြီးကျောင်းများတွင် မွန်စာပေကို မြှင့်တင်သောအားဖြင့် ပဌမပြန်စာမေးပွဲကို ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းမှ ကြီးမှူး၍ ကျင်းပခဲ့သည်။ မွန်မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသော မွန်သတင်းစဉ်ကိုလည်း ထုတ်ဝေခဲ့သည်။ မွန်တို့၏ အမျိုးသား စိတ်ဓါတ်ကို ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းက များစွာ ဖော်ထုတ်ပေးနိုင်ခဲ့သည်။
၁၉၄၀-ခုတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကြီအောက်၌ မွန်လူငယ်အသင်း ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် လှုပ်ရှားနေသော်လည်း ကျေးလက်တောရွာများသို့ မပြန့်နှံ့ခဲ့သေးပေ။ ၁၉၃၈-ခုနှစ်မှ ဒုတိယကမ္ဘာစစ် မတိုင်မီအထိ မော်လမြိုင် နှင့် သထုံခရိုင်ရှိ မူလတန်းကျောင်း (၈၄) ကျောင်းတို့တွင် မူဒူးဆရာတော် နှင့် မွန်လူပုဂ္ဂိုလ်အချို့တို့၏ ကြိုးပမ်းချက်ကြောင့် မွန်ဖတ်စာကို သင်ကြားခွင့် ရခဲ့ကြသည်။

                    ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်စနစ် လက်အောက်ကျရောက်စဉ်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့် လူမှုရေးအသင်းအဖွဲ့များ ထင်ထင်ပေါ်ပေါ် လှုပ်ရှားမှု မပြုနိုင်တော့သောကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းသည် လျှို့ဝှက်၍သာ လှုပ်ရှားနေခဲ့သည်။  ဖက်ဆစ်ဂျပန်တို့အား ဆန့်ကျင်တိုက်ထုတ်သော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွင် မွန်တော်လှန်ရေးအင်အား (၃၀၀၀) ကျော် ပါဝင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဤသို့ ဖက်ဆစ်ဂျပန်ကို အင်တိုက်အားတိုက် ပါဝင်တိုက်ခိုက်ခဲ့သော်လည်း မွန်လူမျိုးအနေနှင့် ထင်ပေါ်ခဲ့ခြင်း မရှိချေ။
ဒုတိယကမ္ဘာစစ် အပြီးတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကို စနစ်တကျ ပြန်လည်ဖော်ထုတ် စည်းရုံးခဲ့သည်။ မွန်တို့ နေထိုင်ရာ နယ်မြေဒေသအားလုံးသို့ ပြန့်နှံ့ခဲ့လေသည်။ မွန်တို့၏ မျိုးချစ်စိတ်ဓါတ်သည်လည်း အရှိန်အဟုန်ပြင်းစွာဖြင့် မြင့်တက်လာခဲ့သည်။ မွန်အမျိုးသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို လိုလားကြသူများက မွန်နိုင်ငံရေးအသင်းဖွဲ့များကို ထူထောင်လာကြသည်။ မွန်တိုင်းရင်းသား အစည်းအရုံးကို ၁၉၄၅-ခုနှစ် နိုဝင်ဘာလ (၉) ရက်တွင် ဖွဲ့စည်းလိုက်သည်။ ဤသို့ လှုပ်ရှားလာရင်း သက္ကရာဇ် ၁၉၄၆-ခုနှစ်တွင် ယဉ်ကျေးမှုကို ဦးစားပေသော ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း နှင့် နိုင်ငံရေးလိုက်စားသော “မွန်တိုင်းရင်းသား အစည်အရုံး” ဟူ၍ မွန်အသင်းဖွဲ့ကြီး နှစ်ဖွဲ့ ရှိလာခဲ့သည်။ မွန်ဦးဖိုချို ခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်း အရုံးသည် ဖ-ဆ-ပ-လ နှင့် ပူပေါင်းပြီး မွန်တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည်။ တောင်းဆို၍ မရသောအခါ ဖ-ဆ-ပ-လ မှ နှုတ်ထွက်ခဲ့သည်။ မွန်တိုင်းရင်းသားအစည်းအရုံးမှ နှုတ်ထွက်ပြီး မရှေးမနှောင်းမှာပင် မွန်တိုင်းရင်းသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သော မွန်သန်း ခေါင်းဆောင်သော မွန်အမျိုးသားအဖွဲ့ချုပ်ကို ဖ-ဆ-ပ-လ အဖွဲ့ဝင်အဖြစ် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ အသိအမှတ်ပြု လက်ခံလိုက်လေသည်။

              ၁၉၄၆-ခုနှစ်၊ ကုန်ခါနီးတွင် မွန်တိုင်းရင်းသားအစည်းအရုံး ခေါင်းဆောင်များသည် ကျိုက္ခမီခရိုင် ပငကျေးရွာတွင် ပထမညီလာခံ ကျင်းပခဲ့သည်။ ၄င်းညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားလူမျိုးများနည်းတူ မွန်လူမျိုးစုအတွက် သီးသန့် အမတ်များ ရွေးကောက်တင်မြှောက်ခွင့်ကို ဖ-ဆ-ပ-လ အစိုးရက ခွင့်မပြုခဲ့ပေ။ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်ဥပဒေသစ်ကို တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲသည့်အခါ မွန်တို့၏ အခွင့်အရေးများကို တောင်းဆိုတင်ပြမည့် မွန်အမျိုးသားများကို ကိုယ်စားပြုသော မွန်သီးသန့်အမတ်များ မရှိမဖြစ်လိုအပ်သော အခြေအနေသို့ ဆိုက်ရောက်လာသည်။ ဤသို့ရှိစဉ် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ အကယ်၍ ၄င်းတို့ အဖွဲ့ချုပ်အမည်ဖြင့် ဝင်ရောက်အရွေးခံပါက မွန်အမတ် (၁၂) နေရာအတွက် လျာထားပေးမည်ဟု မွန်တိုင်းရင်းသား အစည်အရုံးအသင်းသို့ စကားကမ်းလှမ်းလာသေသည်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်အမည်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်အရွေးခံခဲ့သော် အမတ်နေရာထိုက်သင့်သလောက် ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ၄င်းအမည်ခံ အမာတ်များသည် ဖ-ဆ-ပ-လ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေအရ ဖ-ဆ-ပ-လ ဦးစီးအဖွဲ့၏ သဘောတူညီချက်များ မရရှိဘဲ လွှတ်တော်တွင် မိမိတို့ ကြိုက်နှစ်သက်ရာ တောင်းဆိုချက်များကို မပြုလုပ်နိုင်ပေ။ သို့ဖြစ်၍ ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ ကမ်းလှမ်းလာသည်ကို လက်မခံပဲ ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းဝင်များ ဖြစ်ကြသော နိုင်လှမောင်၊ မွန်ဦးငွေကိုင်၊ နိုင်ဘလွင် (မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း)၊ မွန်ဦးရ၊ နိုင်သာနှင်း နှင့် နိုင်စိန်ထွန်း (၆) ဦးတို့သည် တသီးပုဂ္ဂလ မွန်အမတ်များအဖြစ် ဝင်ရောက်အရွေးခံကြသည်။ မွန်တို့သည် ရွေးကောက်ပွဲ အတွေ့အကြုံ နည်းသေး၍ လည်ကောင်း၊ ရွေးကောက်ပွဲတွင် ခြိမ်းခြောက်လှည့်စားခြင်း အမျိုးမျိုးတို့ကို ခံလိုက်ရ၍လည်ကောင်း နိုင်ခြေရှိသော်ငြားလည်း (၆) ဦးပေါင်း မဲအရေအတွက် (၂၀၀၀၀) နှစ်သောင်းကျော် ရ၍ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်တွင် ရေးဆွဲသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေတွင် မွန်အမျိုးသားများကို ကိုယ်စားပြု၍ ပြောဆိုမည့် မွန်အမတ်မရှိသည့်အတွက် မွန်အမျိုးသားများနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပါဝင်ခဲ့တော့ချေ။

from NMSP

Tuesday, August 6, 2013

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း အခန်း(၁)

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း
အခန်း(၁)

သမိုင်းမတင်မီခေတ်

မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။  ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။

၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား မပေါ်သေး။

ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။

(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုးတို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသားများနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။ ၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )

ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ  ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူးဆက်ဆံရသဖြင့်  အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အတတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူအဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာသာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။

 သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်

သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင် မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည် သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ -၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း  ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆိုပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း ရောက်ရှိခဲ့သည်။

မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။

မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏ အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊ (ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍ သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)

သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေအထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။

မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။

သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်းသားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။ မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာသွားခဲ့ရသည်။

မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့်  “ဟံသာဝတီ ( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။

သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော် သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထားသည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။

သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက် များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။

အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အတိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ခေတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀ ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။

“A nation is a historically evolved stable Community of Language, Territory, Economic  life and Psychological make up manifesto in a Community of culture.”

“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည် ( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောလူမျိုးဖြစ်ကြောင်းထင်ရှားသည်။









မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၂)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၂) 

ပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ

မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါမည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။
လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ ၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ခေတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။

အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွားသည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။ မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာပေသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေးသားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့် တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။

အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင် မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင် မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ - ၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး) မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေအရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာသည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည် ဟံသာဝ
တီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊ နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊  မြန်မာပဒေသရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း  ၄၀ နီးပါး (၁၃၈၆ - ၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊ စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစု
တိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။

အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညားဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းစေသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။ စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော် မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ
(၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး အနိစ္စရောက်ပြီး အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းနေသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည် ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည် ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။

ဤသို့  ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညိုသည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉) လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး) ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍ ကျရောက် သွားသည်။  ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀) လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့ ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံ
ပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။

ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။

(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက် အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။)
             (ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)

ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင် ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ  တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်းကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီးဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။

အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူမရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့် ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော် တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။