
ကမ္ဘာ့အရှေ့ပိုင်းတွင် ၁၉၀၅-ခုနှစ်၌ ရုရှားနှင့်ဂျပန်တို့သည် စစ်ကြီးဖြစ်ပွားခဲ့ရာ ဂျပန်တို့ အနိုင်ရခဲ့ကြသည်။ ထိုစစ်ဖြစ်သည့် ၁၉၀၅-ခုနှစ်မှစ၍ မွန်ဗမာနိုင်ငံသားတို့၏ စိတ်တွင် ငုတ်လျှိုးနေခဲ့သော အမျိုးသားစိတ်ဓါတ်များ
ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ အင်္ဂလိပ်တို့ အုပ်ချုပ်မှု လက်အောက်တွင် မြန်မာနိုင်ငံရေး လှုပ်ရှားမှုသမိုင်း၌ မွန်အမျိုးသားခေါင်းဆောင်များစွာ ပါဝင်ခဲ့ကြပေသည်။
၁၉၃၉-ခုနှစ်တွင် မွန်ပညာရှင်များ၊ ဘုန်းတော်ကြီးများနှင့် လူပုဂ္ဂိုလ်အချို့တို့သည်
“ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း” ကိုတည်ထောင်ခဲ့ကြသည်။ ထိုကာလတွင် မွန်တို့သည် နိုင်ငံရေး အခွင့်အရေးများကို မတောင်းဆိုကြသေးပေ။ မွန်မျိုးချစ်များဖြစ်ကြသော ဦးဘသော်၊ ဦးကျန်၊ ဦဒွေး၊ ဦးချစ်သောင်း၊ ဦးဘသိန်း၊ အရှင်ကောသလ အစရှိသောပုဂ္ဂိုလ်များသည် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း မှတဆင့် မွန်တို့၏ အကျိုးအတွက် ဘာသာရေး၊ သာသနာရေး၊ စာပေယဉ်ကျေးမှုတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရန်ကုန်မြို့ပေါ်တွင်ရှိသော သွေးဆေးကန်မွန်ကျောင်း၊ ရေတာရှည်ကျောင်း အစရှိသည့် မွန်ဘုန်းတော်ကြီးကျောင်းများတွင် မွန်စာပေကို မြှင့်တင်သောအားဖြင့် ပဌမပြန်စာမေးပွဲကို ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းမှ ကြီးမှူး၍ ကျင်းပခဲ့သည်။ မွန်မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသော မွန်သတင်းစဉ်ကိုလည်း ထုတ်ဝေခဲ့သည်။ မွန်တို့၏ အမျိုးသား စိတ်ဓါတ်ကို ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းက များစွာ ဖော်ထုတ်ပေးနိုင်ခဲ့သည်။
၁၉၄၀-ခုတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကြီအောက်၌ မွန်လူငယ်အသင်း ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် လှုပ်ရှားနေသော်လည်း ကျေးလက်တောရွာများသို့ မပြန့်နှံ့ခဲ့သေးပေ။ ၁၉၃၈-ခုနှစ်မှ ဒုတိယကမ္ဘာစစ် မတိုင်မီအထိ မော်လမြိုင် နှင့် သထုံခရိုင်ရှိ မူလတန်းကျောင်း (၈၄) ကျောင်းတို့တွင် မူဒူးဆရာတော် နှင့် မွန်လူပုဂ္ဂိုလ်အချို့တို့၏ ကြိုးပမ်းချက်ကြောင့် မွန်ဖတ်စာကို သင်ကြားခွင့် ရခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်စနစ် လက်အောက်ကျရောက်စဉ်တွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့် လူမှုရေးအသင်းအဖွဲ့များ ထင်ထင်ပေါ်ပေါ် လှုပ်ရှားမှု မပြုနိုင်တော့သောကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းသည် လျှို့ဝှက်၍သာ လှုပ်ရှားနေခဲ့သည်။ ဖက်ဆစ်ဂျပန်တို့အား ဆန့်ကျင်တိုက်ထုတ်သော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွင် မွန်တော်လှန်ရေးအင်အား (၃၀၀၀) ကျော် ပါဝင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဤသို့ ဖက်ဆစ်ဂျပန်ကို အင်တိုက်အားတိုက် ပါဝင်တိုက်ခိုက်ခဲ့သော်လည်း မွန်လူမျိုးအနေနှင့် ထင်ပေါ်ခဲ့ခြင်း မရှိချေ။
ဒုတိယကမ္ဘာစစ် အပြီးတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကို စနစ်တကျ ပြန်လည်ဖော်ထုတ် စည်းရုံးခဲ့သည်။ မွန်တို့ နေထိုင်ရာ နယ်မြေဒေသအားလုံးသို့ ပြန့်နှံ့ခဲ့လေသည်။ မွန်တို့၏ မျိုးချစ်စိတ်ဓါတ်သည်လည်း အရှိန်အဟုန်ပြင်းစွာဖြင့် မြင့်တက်လာခဲ့သည်။ မွန်အမျိုးသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို လိုလားကြသူများက မွန်နိုင်ငံရေးအသင်းဖွဲ့များကို ထူထောင်လာကြသည်။ မွန်တိုင်းရင်းသား အစည်းအရုံးကို ၁၉၄၅-ခုနှစ် နိုဝင်ဘာလ (၉) ရက်တွင် ဖွဲ့စည်းလိုက်သည်။ ဤသို့ လှုပ်ရှားလာရင်း သက္ကရာဇ် ၁၉၄၆-ခုနှစ်တွင် ယဉ်ကျေးမှုကို ဦးစားပေသော ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း နှင့် နိုင်ငံရေးလိုက်စားသော “မွန်တိုင်းရင်းသား အစည်အရုံး” ဟူ၍ မွန်အသင်းဖွဲ့ကြီး နှစ်ဖွဲ့ ရှိလာခဲ့သည်။ မွန်ဦးဖိုချို ခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်း အရုံးသည် ဖ-ဆ-ပ-လ နှင့် ပူပေါင်းပြီး မွန်တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည်။ တောင်းဆို၍ မရသောအခါ ဖ-ဆ-ပ-လ မှ နှုတ်ထွက်ခဲ့သည်။ မွန်တိုင်းရင်းသားအစည်းအရုံးမှ နှုတ်ထွက်ပြီး မရှေးမနှောင်းမှာပင် မွန်တိုင်းရင်းသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သော မွန်သန်း ခေါင်းဆောင်သော မွန်အမျိုးသားအဖွဲ့ချုပ်ကို ဖ-ဆ-ပ-လ အဖွဲ့ဝင်အဖြစ် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ အသိအမှတ်ပြု လက်ခံလိုက်လေသည်။
၁၉၄၆-ခုနှစ်၊ ကုန်ခါနီးတွင် မွန်တိုင်းရင်းသားအစည်းအရုံး ခေါင်းဆောင်များသည် ကျိုက္ခမီခရိုင် ပငကျေးရွာတွင် ပထမညီလာခံ ကျင်းပခဲ့သည်။ ၄င်းညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားလူမျိုးများနည်းတူ မွန်လူမျိုးစုအတွက် သီးသန့် အမတ်များ ရွေးကောက်တင်မြှောက်ခွင့်ကို ဖ-ဆ-ပ-လ အစိုးရက ခွင့်မပြုခဲ့ပေ။ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်ဥပဒေသစ်ကို တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲသည့်အခါ မွန်တို့၏ အခွင့်အရေးများကို တောင်းဆိုတင်ပြမည့် မွန်အမျိုးသားများကို ကိုယ်စားပြုသော မွန်သီးသန့်အမတ်များ မရှိမဖြစ်လိုအပ်သော အခြေအနေသို့ ဆိုက်ရောက်လာသည်။ ဤသို့ရှိစဉ် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ အကယ်၍ ၄င်းတို့ အဖွဲ့ချုပ်အမည်ဖြင့် ဝင်ရောက်အရွေးခံပါက မွန်အမတ် (၁၂) နေရာအတွက် လျာထားပေးမည်ဟု မွန်တိုင်းရင်းသား အစည်အရုံးအသင်းသို့ စကားကမ်းလှမ်းလာသေသည်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်အမည်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်အရွေးခံခဲ့သော် အမတ်နေရာထိုက်သင့်သလောက် ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ၄င်းအမည်ခံ အမာတ်များသည် ဖ-ဆ-ပ-လ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေအရ ဖ-ဆ-ပ-လ ဦးစီးအဖွဲ့၏ သဘောတူညီချက်များ မရရှိဘဲ လွှတ်တော်တွင် မိမိတို့ ကြိုက်နှစ်သက်ရာ တောင်းဆိုချက်များကို မပြုလုပ်နိုင်ပေ။ သို့ဖြစ်၍ ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှ ကမ်းလှမ်းလာသည်ကို လက်မခံပဲ ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းဝင်များ ဖြစ်ကြသော နိုင်လှမောင်၊ မွန်ဦးငွေကိုင်၊ နိုင်ဘလွင် (မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း)၊ မွန်ဦးရ၊ နိုင်သာနှင်း နှင့် နိုင်စိန်ထွန်း (၆) ဦးတို့သည် တသီးပုဂ္ဂလ မွန်အမတ်များအဖြစ် ဝင်ရောက်အရွေးခံကြသည်။ မွန်တို့သည် ရွေးကောက်ပွဲ အတွေ့အကြုံ နည်းသေး၍ လည်ကောင်း၊ ရွေးကောက်ပွဲတွင် ခြိမ်းခြောက်လှည့်စားခြင်း အမျိုးမျိုးတို့ကို ခံလိုက်ရ၍လည်ကောင်း နိုင်ခြေရှိသော်ငြားလည်း (၆) ဦးပေါင်း မဲအရေအတွက် (၂၀၀၀၀) နှစ်သောင်းကျော် ရ၍ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ်တွင် ရေးဆွဲသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေတွင် မွန်အမျိုးသားများကို ကိုယ်စားပြု၍ ပြောဆိုမည့် မွန်အမတ်မရှိသည့်အတွက် မွန်အမျိုးသားများနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပါဝင်ခဲ့တော့ချေ။
from NMSP